သွေးတိုးမထိန်းနိုင်သူတွေမှာ ဘာကြောင့် သူငယ်ပြန်သတိမေ့ရောဂါ ပိုဖြစ်တာလဲ
သွေးတိုးဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးမပေးတဲ့ ရောဂါမှန်း လူတိုင်းနီးပါး သိမှာပါ။ သွေးတိုးရှိပြီး သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် မထိန်းနိုင်ရင် နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်တာကို လူသိများပေမယ့် သူငယ်ပြန်သတိမေ့ရောဂါ ဖြစ်နိုင်ခြေများတာကိုတော့ သိပ်မသိကြပါဘူး။
သွေးတိုးကြောင့် ဖြစ်တဲ့ သူငယ်ပြန်သတိမေ့ရောဂါကို Vascular Dementia လို့ ခေါ်ပါတယ်။ သွေးတိုးရောဂါရှိပြီး သွေးပေါင်ချိန်ကို ပုံမှန်အတွင်း ဖြစ်အောင် မထိန်းနိုင်ရင် ကာလကြာလာတဲ့အခါ ဦးနှောက်ထဲမှာ ရှိတဲ့သွေးကြောတွေနဲ့ ဦးနှောက်ဆီကို စီးဆင်းနေတဲ့ သွေးကြောတွေထဲမှာ သွေးဖိအားများလာပါတယ်။ သွေးဖိအားများလာတဲ့အတွက် သွေးစီးဆင်းမှု နည်းသွားပြီး ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင်နဲ့ အာဟာရတွေ လုံလောက်အောင် မပို့နိုင်တော့လို့ ဦးနှောက်ရဲ့ တချို့သော အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးပြီး Vascular Dementia ဖြစ်လာတာပါ။
Vascular Dementia ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ၃ ခုရှိပါတယ်။
(၁) သွေးတိုးကြောင့် ဦးနှောက်ထဲက သွေးကြောတွေ မာပြီးကျဥ်းလာတာကြောင့် ဖြစ်ပြီး အဖြစ်အများဆုံးပါ။
(၂) လေဖြတ်တဲ့အခါ ဦးနှောက်သွေးကြော ပေါက်တာ သို့မဟုတ် သွေးကြောပိတ်တာကြောင့် ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းမှု မရှိတော့တာကြောင့် ဖြစ်ပြီး Post- stroke Dementia လို့ ခေါ်ပါတယ်။
(၃) Transient Ischaemic Attack (TIA) လို့ခေါ်တဲ့ အသေးစားလေဖြတ်မှုကြောင့် ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေဆီ သွေးမလျှောက်တော့တာကြောင့် ဖြစ်တာကို Multi Infarct Dementia လို့ ခေါ်ပါတယ်။
သွေးတွင်းအဆီများတဲ့သူ၊ ဆီးချိုနဲ့ နှလုံးရောဂါရှိသူ၊ ဆေးလိပ်သောက်သူ၊ ကိုယ်လက်လှုပ်ရှားနည်းသူတွေမှာလည်း Vascular Dementia ဖြစ်နိုင်ပါတယ်။ အသက် ၆၅ နှစ်အထက်မှာ ပိုအဖြစ်များပါတယ်။
ရောဂါလက္ခဏာတွေက ဘာလဲ?
ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်းမှာ ဖြစ်တာလဲ ဆိုတဲ့အပေါ် မူတည်ပြီး…
- အာရုံစူးစိုက်နိုင်ဖို့ ခက်ခဲတာ
- မှတ်ဥာဏ်လျော့နည်းလာတာ (အထူးသဖြင့် လတ်တလော အကြောင်းအရာ၊ အဖြစ်အပျက်တွေကို မမှတ်မိတာ)
- စဥ်းစားတွေးခေါ်ရာမှာ အခက်အခဲဖြစ်တာ (ဥပမာ- ပစ္စည်းတစ်ခုကို ဘယ်လိုခေါ်သလဲ စဥ်းစားမရတာ၊ နာမည်၊ နေရာဒေသ စသည်ကို မေ့နေတာ)
- စကားကို အဆင်ပြေပြေ မပြောနိုင်တာ၊ ပေါင်းသင်းဆက်ဆံရေးမှာ ခက်ခဲတာ
- လမ်းလျှောက်ရာ၊ လှုပ်ရှားရာမှာ ခက်ခဲပြီး မကြာခဏ လဲကျတာ
- စိတ်အပြောင်းအလဲ အတက်အကျမြန်တာ စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
အထက်ပါ လက္ခဏာတွေ ရှိနေရင် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြသပြီး ဦးနှောက်ကို CT ကွန်ပြူတာဓာတ်မှန်နဲ့ MRI ရိုက်ခြင်းဖြင့် ရောဂါအခြေအနေကို သိနိုင်ပါတယ်။
ကုသရင် ပျောက်ကင်းနိုင်လား?
ဝမ်းနည်းစရာကောင်းစွာပဲ Vascular Dementia ဟာ ကုသလို့ ပျောက်ကင်းနိုင်တဲ့ရောဂါ မဟုတ်ပါဘူး။ သွေးပေါင်ပုံမှန်ဖြစ်စေတဲ့ ဆေးတွေ၊ သွေးကြောထဲမှာ ပိတ်ဆို့နေတဲ့ သွေးခဲကို ဖယ်ရှားပေးတဲ့ဆေးတွေက ရောဂါကို ပိုဆိုးမလာအောင်တော့ ထိန်းထားနိုင်ပါတယ်။
ကိုယ်လက်လှုပ်ရှားတာ၊ ကျန်းမာရေးနဲ့ ညီအောင်စားတာ၊ အရက်နဲ့ ဆေးလိပ်ဖြတ်တာတွေကလည်း သွေးပေါင်ကို ထိန်းညှိစေလို့ ရောဂါပိုမဆိုးအောင် ထိန်းနိုင်ပါလိမ့်မယ်။ ဆရာဝန်နဲ့ ပုံမှန်ပြသတာ၊ မိသားစုဝင်တွေက နားလည်ပြီး ဖေးမကူညီတာ၊ နှစ်သိမ့်ပေးတာတွေက ရောဂါအတွက် အထောက်အကူ ဖြစ်ပါတယ်။
Vascular dementia လို့ခေါ်တဲ့ သွေးတိုးကြောင့် ဖြစ်တဲ့ သူငယ်ပြန်သတိမေ့ရောဂါဟာ ဖြစ်လာရင် ကုသပျောက်ကင်းနိုင်တဲ့ ရောဂါမဟုတ်တာမို့ မိမိမှာ သွေးတိုးရှိနေခဲ့ရင် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ဂရုတစိုက် ထိန်းသိမ်းခြင်းကသာ တစ်ခုတည်းသော ကာကွယ်နိုင်တဲ့ နည်းလမ်းဖြစ်ကြောင်း ပြောလိုက်ပါရစေ။ သွေးတိုးရောဂါရှိရင် ဘယ်လိုနေထိုင် စားသောက်သင့်တယ်ဆိုတာကို Healtppy ရဲ့ website မှာ ရှာဖွေဖတ်ရှူနိုင်ပါတယ်နော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်